
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ကျူးဘား သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟက်တာကော်နီဒီအယ်လ်မေးဒါး အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စများနှင့်အတူ ကျန်းမာရေး၊ ပညာရေး၊ ရာသီဥတု ပြောင်းလဲမှု ကိစ္စတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်များ ဖြစ်သော အရှေ့အာရှနှင့် လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (FEALAC)၊ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့(NAM)နှင့် ကမ္ဘာ့တောင် ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး(South-South Cooperation) တို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ ကြသည်။
အလားတူ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ အာဂျင်တီးနား သမ္မတနိုင်ငံ သံအမတ် ကြီး မစ္စ မာရီယာ အလစ်ရှာ ကာ့ ဇို နီ ဒီ ဆွန် ချိုင်းန် အား လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စနှင့်အတူ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ နည်းပညာကဏ္ဍ တို့၌လည်းကောင်း၊ ကမ္ဘာ့တောင် ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး(South-South Cooperation)၊ အရှေ့ အာရှနှင့် လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် (FEALAC) တို့၌ လည်းကောင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့သည်။
Ref. Myanmar state counsellor
Leave a Reply